Monday, November 8, 2010

သရဲခြောက်တမ်းကစားသော....

သရဲခြောက်တမ်းကစားသော အလေ့အထ (Halloween Day)
ကနေဒါနိုင်ငံသည် ကမ္ဘာအရပ်ရပ်မှ လူမျိုးပေါင်းများစွာဖြင့် တည်ထောင်ထားသည်နှင့်အညီ ယဉ်ကျေးမှုဓလေ့များလည်း စုံလင်လှပေသည်။ မြန်မာနိုင်ငံမှ ၁၂ လရာသီပွဲတော်များလိုပဲ လစဉ်လတိုင်း ဓလေ့ထုံးစံပွဲများရှိပြီး ယခုကျလာမည့် အောက်တိုဘာလ ၃၁ရက်နေ့သည်လည်း ထိုကဲ့သို့သော နေ့ထူးများထဲမှ တနေ့ဖြစ်သော မကောင်းဆိုးဝါးများ ရှင်သန်ထမြောက်လာသောနေ့ Halloween day အဖြစ် ထင်ရှားပါသည်။
ထိုနေ့တွင် မကောင်းဆိုးဝါးများသေရွာမှ ပြန်လည်ရှင်သန်ထမြောက်ပြီး ရပ်ရွာများထဲရှိလူနေအိမ်များသို့ ၀င်ထွက်သွားလာအနိုင်ကျင့်ကာ အစားသောက်များ တောင်းရမ်းလေ့ရှိသည်ဟု အယူရှိပြီး ရွာသူရွာသားများကလည်း သရဲများ၏ အနိုင်ကျင့်မှူများမှ ကင်းဝေးစေဖို့ သရဲများအလိုရှိသောအစားအသောက်များ ကြိုတင်ပြင်ဆင်ပေးထားခြင်းဖြင့် သော်လည်းကောင်း သရဲများက မိမိအိမ်အနီးနားဝန်းကျင် မကပ်နိုင်အောင် ခြောက်လန့်မှုများအတွက် မီးဖိုများမွေးထားခြင်း စသဖြင့် မကောင်းဆိုးဝါးများကို ကာကွယ်သော အလေ့အထရှိပါသည်။ ထိုအလေ့ထသည် ကျမတို့မြန်မာနိုင်ငံမှ နတ်ကိုးခြင်း ခေါစာပစ်ခြင်း နတ်ဝင်သည်ကခြင်း အိမ်ခုန်ခြင်း(တနင်္သာရီတိုင်း) ကျီးမနိုးပွဲ စသော အလေ့ထများနှင့်ခပ်ဆင်ဆင်ပင်ဖြစ်ပါသည်။

ထိုအလေ့ထကို ဘီစီ ၄၀၀ လောက်ခန့်က အိုင်ရာလန်နိုင်ငံမှစတင်ခဲ့သည်ဟုအဆိုရှိပြီး အောင်တိုဘာ ၃၁ ရက်နေ့သည် အိုင်ရာလန်နိုင်ငံ နှစ်သစ်မကူးခင်နောက်ဆုံးနေ့ဖြစ်၍ ထိုနေ့တွင် လွန်ခဲ့သည်နှစ်ကသေဆုံးခဲ့သော သူများ၏ ၀ိညဉ်များ ပြန်လည်ရှင်သန်ထမြောက်လာကာ မကောင်းဆိုးဝါးအဖြစ် လူနေအိမ်များသို့ သွားရောက်တံခါးခေါက်ပြီး ချိန်းခြောက်တောင်းရမ်း စားသောက်လေ့ရှိသည်ဟု အယူရှိပါသည်။ ထိုကဲ့သို့ မကောင်းဆိုးဝါးများ ရွာထဲဝင်သောင်းကျန်းခံခဲ့ရသော ရွာသားများက နှစ်တိုင်း သူတို့ပြန်လာရောက်ရှိလာမည်ဖြစ်သော ထိုနေ့အတွက် ကြောက်လန့်ခြင်းကြီးစွာ ပြင်ဆင်မှုများပြုလုပ်လာခဲ့ကြရာမှ ယနေ့အထိ ဟောလ၀င်းနေ့သည် ကနေဒါနိုင်ငံနှင့် ကမ္ဘာ့ နိုင်ငံတချို့က ကျယ်ပြန့်စွာ ပြုလုပ်နေကြဆဲဖြစ်ပါသည်။

ယနေ့ကာလမှာတော့ ဘီစီ ၄၀၀ မှ မကောင်းဆိုးဝါးများလည်း ၀တ်များကျွတ်လွတ်လို့ လူဘယ်နှစ်ဘ၀ပြန်ဖြစ်ပြီး ဘယ်ဘုံဘယ်ခန်းကိုရောက်နေလောက်ပြီမသိနိုင်ပေမယ့် သူတို့၏ သောင်းကျန်းမှုများကိုတော့ ဒီနေ့အထိ အသိမှတ်ပြုလက်ခံပြီး ချစ်စရာဓလေ့လေးတစ်ခုအဖြစ် သရဲခြောက်တမ်းကစားနေကြတုန်းပင်ဖြစ်ပါသည်။ ထိုနေ့နီးလာပြီဆိုလျှင် ကနေဒါတစ်နိုင်ငံလုံး ဆိုင်ကြီးဆိုင်ငယ်တွေအားလုံးကတော့ သကြားလုံး အိတ်ကြီးအိတ်များ ချောကလက်အိတ်ကြီးများကို အပြိုင်ရောင်းချသူနှင့် ၀ယ်ယူသူများတိုးကျိတ်နေကြသလို ထိုဆိုင်ကြီးဆိုင်ငယ်များမှာတင်ပဲ သရဲရုပ်လုပ်သော ပစ္စည်းများ အ၀တ်စားများ၊ ဓါးလှံအတုများ သွေးအတု ဆံပင်အတုများ ကြောက်မက်ဖွယ်မျက်မျက်နှာဖုန်းစွပ်များနှင့် အရိုးခေါင်းအရိုးစု အတုများ ရောင်းကောင်းကြပါသည်။

ကလေးများနှင့်ဆယ်ကျေိာသက်များကလည်း တနှစ်ပါတ်လုံးစောင့်မျော်ခဲ့ရသော ထိုနေ့ညကိုရောက်ပြီဆိုလျှင် အထက်ပါပစ္စည်းများနှင့် မိမိခန္တာကို ရုပ်ဖျက်ပြီးသကာလ အုပ်စုလိုက်သော်လည်းကောင်း တစ်ဦးတည်းသော်လည်းကောင်း ညမှောင်မှောင်လမ်းမထွက်လို့ အိပ်တစ်လုံးလက်မှာစွပ်ကာ တစ်အိမ်ဝင်တစ်အိမ်ထွက် တံခါးခေါက်လို့ မကောင်းဆိုးဝါး အယောင်ဆောင်ကာ ခြောက်လန့်တောင်းရမ်းပါတော့သည်။ အိမ်ရှင်များအနေနဲ့လည်း စေတနာသဒ္ဒါထက်သန်စွာဖြင့် တခါးလာခေါက်သူများအား တစ်ယောက်မကျန် ချောကလက်ဖြစ်စေ သကြားလုံးဖြစ်စေ ခေါက်တိုင်းထဖွင့်ပြီးပေးရခြင်းကို ကျေနပ်လေ့ရှိပါသည်။ ထိုနေ့တွင် အိမ်တိုင်းနီးပါး ကလေးဦးရေ ၂၀၀ ထက်မနည်း တံခါးခေါက်ခံရလေ့ရှိပြီး မိမိတို့ဝယ်ခြမ်းထားသော အစားသောက်များ ကုန်သွားပါကလည်း အိမ်ရှေ့မီးများပိတ်ထားခြင်းဖြင့် သူရဲများကို မရှိတော့ဘူး ကုန်ပြီ မလာနှင့်တော့ဟု ပြောလိုက်ခြင်းနှင့်အတူတူပင်ဖြစ်သောကြောင့် မီးပိတ်ထားသော အိမ်များသို့ ကလေးများသွားရောက်တခါးခေါက်လေ့မရှိပါ။

တခါတရံ တောမြို့လေးများတွင်ဖြစ်တတ်သော မကောင်းဆိုးဝါးနေ့များတွင် သူရဲများက မိမိတို့အား တခါးမဖွင့်ပေးသော အိမ်များသို့ အသင့်ဆောင်လာသော ကြက်ဥများဖြစ်ပစ်ပေါက်ခြင်း။ ကြိုတင် အပုတ်ခံထားသော ခရမ်းချဉ်သီးများဖြင့် ပြုတင်းပေါက်မှန်များအားပစ်ခြင်းများလည်းလုပ်လေ့ရှိပြီး ထိုနေ့ လုပ်သမျှသည် တရားဥပဒေနှင့် ညှိစွန်းခြင်းမရှိဟုလည်း ကောလဟာလဆိုပါသည်။

ဘယ်လိုပဲဖြစ်ဖြစ် ထိုကာလတွင် စီးပွားရေးသမားများအတွက်အဆင်ပြေ၍ အိမ်ရှင်များအတွက်လည်းအပျင်းပြေသလို ကလေးများပျော်ပါးသော မကောင်းဆိုးဝါး သရဲခြောက်တမ်းကစားသောအလေ့အထ ကနေဒါနိုင်ငံတွင် ဘီစီလေးရာမှသည် နောက်နှစ်ပေါင်း ဘယ်နှစ်ရာအထိတည်နေမည်မသိနိုင်ပါ။

(မေလ်းထဲမှရ ပြန်လည်တင်ပြ)

1 comment:

  1. ပျော်စရာဓလေ့လေးပါ။

    ReplyDelete